ပေပင်ကျရည်နဲ့ ယောလူငယ်တို့ဓလေ့
ထန်းပင်နဲ့ပုံသဏ္ဌာန်ဆင်တူပေမယ့် လုံးပတ်ရော၊ အခက်အလက်ရော၊ အရပ်အမောင်းရောပိုပြီး မြင့်မားကြီးထွားတာက ပေပင်ပါပဲ။ ရှေးတုန်းကပေရွက်ကို ကညစ်နဲ့ခြစ်ပြီး စာပေရေးသားခဲ့ကြတယ်။ ထန်းပင်က တစ်နှစ်တစ်ကြိမ်သီးခိုင်၊ ထန်းနို့ခိုင်ထွက် ပေမယ့် ပေပင်က တော့တစ်ကြိမ်သီးပြီးရင် သက်တမ်းကုန်တယ်။ ဒါကြောင့် ပေတစ်သီး၊ ကျီးတစ်သားလို့ ဆိုစမှတ်ပြုခဲ့တာ ပါ။ သက်တမ်းရင့်ပေပင်ရဲ့အညွန့်က အရွက်အစားအဖူးခိုင်ကြီးထွက်လာတယ်။ ရှစ်ပေခန့်မြင့်ပါရဲ့။ အဲဒီအဖူးကြီးကနေ အကိုင်း တွေချည်းဖြာထွက်ပြီး အသီးလေးတွေစီရရီနဲ့ လှမှလှ။ ပေသီးက ကွမ်းသီးလုံးအရွယ်ခန့်၊ အခွံမာပြီး အစိမ်းရောင်ဖုံးထားတယ်။ အသီးနုလေးကိုခွဲစားရင် အရည်တည်ခါစမို့ အချိုလေးပြီး အနေတော်ရင့်လာရင် ထန်းသီးဆန်အရသာမျိုးရှိတယ်။ ဒီထက်ရင့် သွားရင်တော့ အဖန်ဓာတ်ပိုလာပြီး ပျဉ်းတွဲတွဲမို့ တထုတ်ထုတ်သာဝါးပေရော့ပဲ။ ဒီထက်ရင့်ရင်တော့ မ၀ါးနိုင်တော့ဘဲ ကလေးတွေက ပေသီးအဖြစ်ကစားလေ့ရှိကြတယ်။ မန္တလေးမှာ ပေသီးဝယ်တဲ့ ပွဲရုံတချို့ရှိတာကြောင့် တခြားအသုံးတော့ရှိမှာပါ။ ထန်းပင်ပေါတဲ့ ဒေသတွေမှာတော့ ပေရည်မယူတော့ဘဲ သီးပွင့်ပြီးေ
ပေရည်ယူပုံက ထန်းလှီးတာနဲ့ သဘာဝချင်းအတူတူပါပဲ။ ပေပင်ရဲ့ အဖူးခိုင်ကို အရည်ယူမယ်ဆိုရင် ထန်းနို့ကို ကလိုင်နဲ့ညှပ်ပြီး နာအောင်ထုသလိုမျိုး ရုံးပင်ကအသားနဲ့ နာအောင်ညှပ်တယ်။ ရုံးပင်ကမဆတ်တဲ့အပြင် ဘယ်လိုဆွဲဆွဲမကျိုးဘူး။ ၀ါးထက် တောင်ကောင်းသေးတယ်။ အဲဒီရုံးပင်ထွာဆိုင် လောက်အတုတ်နဲ့ညှပ်လို့ နာပြီဆိုမှ ကျွမ်းကျင်တဲ့ ပေဆရာက လှီးပါတယ်။ ထန်းရည် ထွက်နှုန်းကပုံမှန် ထန်းတစ်စကို မြူအိုးတစ်လုံး၊ ထွက်နှုန်းကောင်းလွန်းတဲ့အပင်ကို မြူအိုးနှစ်လုံးဆင့်ဆွဲရင် လုံလောက်ပေမယ့် ပေရည်ကတော့ စဥ့်အိုးအလတ် (၃)လုံးလောက်ကို ရေတံလျှောက်နဲ့ ခံထားပေးရတယ်။ ဒါကြောင့်ထန်းပင်မှာ မြူအိုးကို ကြိုးနဲ့ဆွဲရုံနဲ့ရပေမယ့် ပေပင်ကတော့ ၀ါးငြမ်းပေါ်မှာ သစ်သားပြားတွေခံပြီး စဥ့်အိုးတွေနဲ့ ပေရည်ခံရတာပါ။ ပေရည်အချိုကို အခါးအရသာနဲ့သုံးဆောင်လိုရင် အလင် (အရက်ဖိုက စိမ်ရည်အဖတ်၊ အနှစ်)နဲ့တည်ယူတယ်။ တချို့က အပင်ပေါ်မှာ အခါးတည်လို့ ပေပင်ကျရည်ရသလို အောက်ရောက်မှ တည်သူလည်းရှိတယ်။ စဥ့်အိုးတွေထဲက ပေရည်ကို ၀ါးကျည်တောက်ထဲ ထည့်ပြီးအောက်ကို ကြိုးနဲ့ချပေးပါတယ်။ ဆောမြို့သား ကိုဌေးဝင်း (အလှဘဏ်၊မန္တလေး)က ကျွန်တော်တို့ဆောမှာလည်း ပေပင်တွေတအားပေါတော့ ဖူးတံ ထွက်ပြီဆိုတာနဲ့ ပိုင်ရှင်ကပေဆရာကိုခေါ်ပြီး ပေရည်ယူသလို တချို့ကအပင်လိုက် ရောင်းကြတယ်။ လွန်ခဲ့တဲ့(၁၆)နှစ်က ပေပင် သုံးပင်ရဲ့တန်ဖိုးက ကျပ် တစ်သောင်းမပြည့်ပါဘူးတဲ့။ ပေပင်ဝယ်သူက ၀ါးခြမ်း၊ စဥ့်အိုးစတဲ့ လိုတာအကုန်စီစဉ်ပေးရပြီး ပေဆရာ အတွက် လုပ်အားခက ပထမတစ်လစာရဲ့တစ်ဝက်ကို ပေးရတယ်။ နောက်လတွေကျတော့ မပေးရတော့ဘူး။ ပေဆရာကလည်း တစ်လလောက်ပဲ လှီးပေးပြီး ပိုင်ရှင်ရဲ့လူကိုလှီးနည်းသင်ပေးခဲ့တယ်။ တကယ့်ပညာခန်းက ပေရည်ထွက်အောင်ညှပ်တဲ့၊ ထုတဲ့ အချိန်ကိုး။ ဒီတော့ ကိုယ့်ဘာသာဆက်လှီးပေတော့ပေါ့လေ။ ပေရည်ထွက်တာက ပထမလမှာ စထွက်ထွက်ချင်း(၁၀)ပုလင်းလောက် ကနေ တဖြည်းဖြည်းချင်းများလာတာ ပုလင်း(၁၀၀)လောက်အထိ ရောက်တယ်။ ပေရည်ရတဲ့(၃)လ လောက်အတွင်းမှာတော့ တဖြည်းဖြည်းပြန်လျော့သွားတယ်။ အဲဒီတုန်းက ပေရည်တစ်ပုလင်းမှ အချိုရော၊ အခါးရော ဈေးတူသုံးကျပ်စီပဲရောင်းတယ်။ ရာသီဥတုပူတဲ့နေ့ဆိုရင် တစ်ယောက်ကို (၁၅)ပုလင်း အထိကုန်တယ်။ ပေရည်နဲ့ဝက်သား မတည့်ဘူးဆိုပေမယ့် ၀က်ဆီဖတ် ကြော်တို့ ပဲကြီးလှော်တို့နဲ့ မြည်းလေ့ရှိတယ်။ ပေရည်အခါးက ဒီနေ့ရောင်းလို့မကုန်လည်း နောက်ရက်မှာ ကျန်တာကို အဲဒီနေ့မှာ ထွက်တဲ့ အသစ်နဲ့ထပ်ရော၊ အရသာပိုလေးပြီး သောက်လို့ကောင်းတယ်လို့ပြောပြပါတယ်။
ဒေါက်တာသက်လွင်က ၂၀၀၀ပြည့်နှစ် စာပေဗိမာန်စာမူဆု၊ စာပဒေသာဒုတိယဆုရတဲ့ ပုဂံအနောက်ခရီးတစ်ခေါက်စာအုပ်ထဲ မှာ သူ့ရဲ့ပေပင်ကျရည်အတွေ့အကြုံကို ရေးသားခဲ့ပါတယ်။ ယောဒေသရဲ့ ထုံးစံက ပေရည်ယိုလာပြီဆိုရင် ၀ါးလင့်စင်ကြီးထိုးတဲ့ပြီး ညနေမှာ လူငယ်တွေစုကာ ပေရည်သောက်လေ့ရှိတယ်။ ပေပင်ပေါ်တက်ဖို့ ၀ါးတစ်လုံးကိုသာ ဘေးကအတက်လေးတွေကို နင်းပြီး လှေကားသဖွယ်ထောင်ထား ပေမယ့် (၉)နှစ်ဝန်းကျင်ကလေးတွေအပြင် အမျိုးသမီးများလည်းတက်၍ သောက်ကြပါတယ်။ သူရောက်သွား ချိန်တုန်းက ပေပင်ပေါ်မှာ လူငယ် (၂၀)ခန့်ကိုတွေ့ပါသတဲ့။ ပေရည်သောက်ချင်ရင် ဘယ်လောက်ပဲ ခင်မင်ရင်းနှီး ပါစေ အောက်သို့ချမပေး၊ ပေပင်ပေါ်ကိုသာ တက်သောက်ရပါတယ်။ လူငယ်တွေ အလွန်အကျွံမဖြစ်စေဖို့၊ ခိုက်ရန်ဖြစ် ရင်လည်း လိမ့်ကျနိုင်လို့ပါ။ ဒီတော့ ပေပင်ပေါ်ကိုတက်နိုင်ရင် ဆင်းနိုင်အောင်သာသောက်ကြပေရော့။ မူးရန်မဟုတ်၊ အပျော်သက်သက်မို့ ကလေး၊ လူကြီးတွေ တပျော်တပါး ဆင်းချည်တက်ချည်ရှိနေတယ်လို့ ရေးခဲ့ပါတယ်။ကိုယ့်ရပ်ရွာရေမြေက သဘာဝရဲ့ အသီးအပွင့်ကို ရယူခံစားကြရင်း ချစ်ခင်ရင်းနှီးစွာတပျော်တပါးဖြင့် အေးချမ်းစွာနေထိုင် ကြတဲ့ဓလေ့ကို ပီတိလည်းဖြစ်မိပါရဲ့။
(Source: http://popularmyanmar1.com/cms/index.php?Pop_Journal_01%28New%21%21%21%29:Ko_Nyo_Lone )