ကျောင်းသတင်း

ဗိုလ်တထောင်၅ ကျောင်းကို ပြောင်းရွေ့တော့မယ်လို့ကြားပါတယ်။ ကျောင်းကို အရင်က ပြည်သူပိုင်သိမ်းခဲ့တဲ့အတွက် မူလပိုင်ရှင်များက တရားပြန်လည်စွဲရာ တရားနိုင်သဖြင့် ပြန်လည် လွဲပြောင်းပေးမယ်။ ဗိုလ်တထောင်၅ ကို အရင် ဗိုလ်တထောင်ကောလိပ် နေရာသို့ပြောင်းရွှေ့မယ် လို့လဲကြားသိရပါတယ်။
ဒီသတင်းဘယ်လောက်မှန်တယ် ဘယ်လောက်ကြာရင် ပြောင်းမလဲ ဒါတွေကိုတော့ ကျနော်တို့လဲမသိပါဘူး။ မြန်မာပြည်ထဲမှ ကျောင်းနဲ့နီးစပ်တဲ့ကျောင်းသားဟောင်းတယောက်ပြောပြတာကို ပြန်မျှဝေတာပါ။

တကယ်လို့များသာ ကျောင်းကြီးပြောင်းသွားရင် ကျောင်းသားဟောင်းကျနော်တို့မှာ လွမ်းနေမိမှာတော့အမှန်ပါ။

ဥာဏ်သမား

လိပ်ပြာ၏ရန်၊ ပိတုန်းလှန်လည်း

ပန်းမာလ်တို့တွက် မဟုတ်ခဲ့။

ကျားအန္တရာယ်၊ မုဆိုးကယ်လည်း

သားငယ်တို့တွက် မဟုတ်ခဲ့။

ပိတုန်း လိပ်ပြာ၊ လှည့်ကွက်ရှာပြီ

ပန်းမာလာတို့ ညီညွတ်ကြ။

မုဆိုးနှင့် ကျား၊ ဥာဏ်ကစားပြီ

သားငယ်တို့လည်း ညီညွတ်ကြ။


(ဆရာကြီး) တင်မိုး

-လှေတစင်းနှင့်သီချင်းသည် (တတိယအကြိမ် ၁၉၇၂) သန်းဌေးစာပေ၊ရန်ကုန်မြို့

ငယ်ငယ်တုန်းက

၉တန်းလောက်က အဖြစ်အပျက်တခုပါ။ ဘယ်လိုမှမေ့မရလို့ ရေးလိုက်တာ။

ကျနော်တို့တစ်သိုက်ငယ်ငယ်က အတော်ဆိုးပါတယ်။ ဂုဏ်ယူပြီးပြောတာ တော့မဟုတ်ပါဘူး။ လူငယ်သွေးတက်တွေဆိုတော့ အကုန်လုပ်ကြပါတယ်။ (မူးယစ်ဆေးဝါးကလွဲလို့ပေါ့) လောင်းကစားလေးလဲတခါတလေလုပ်ကြတယ်။ တနေ့ကြတော့ ကျနော့်တို့အတန်းက အတန်းပိုင်ဆရာမ အဲဒီအကြောင်းကို သိသွားတယ်။ သိသွားပုံက သူ့ကျူရှင်မှာ လာတက်တဲ့ သူတွေကို သူကိုင်တဲ့အခန်းကကျောင်းသားတွေ ဘယ်လိုတော်ကြောင်း ပြောပြောပြတော့ ကျနော်တို့နဲ့ဖဲရိုက်ဖော် သူ့ဝိုင်းကတပည့်တွေက မခံနိုင်လို့ ဆရာမတပည့်တွေထဲမှာလဲ စုန်းပြူးတွေ အများကြီးပါလို့ ပြောရာကနေ ပေါ်ပါလေရော။

ကျောင်းဆရာမတင်တဲ့ ကျူရှင်ဝိုင်းကို ဆရာမ အအောင်ပေးရင်ပြီးရော ဆိုတဲ့သူတွေဘဲ တက်ကြပါတယ်။ပုံမှန်အားဖြင့်တော့ နည်းနည်းညံတဲ့ ကျောင်းသားတွေပေါ့။ တော်တဲ့ကျောင်းသားတွေက အပြင်မှာနာမည်ကြီးတဲ့ဝိုင်းတွေမှာတက်ကြတယ်။ ကျနော်တို့ကတော့ ဥာဏ်ကောင်းလူပေတွေဆိုတော့ ကျူရှင်ကို အပြင်မှာယူပြီး ကျူရှင်မတက်ဘဲပြေးကြပါတယ်။ တခါတလေ ကျူရှင်လခ တောင် မပေးဘဲ ကြွေးကျန်ထားတတ်ကြပါသေးတယ်။ အဲဒါကိုဆရာမကသိသွားပြီး အတော်စိတ်ဆိုးတယ်။

နောက်တနေ့ကျနော်တို့တသိုက်ကလည်း ကံဆိုးစွာနဲ့ကျောင်းတက်ခဲ့ပါတယ်။ (ကျောင်းက လည်း တပတ်ကိုပုံမှန်၂ရက်လောက်လစ်နေကြ)။ ဆရာမမှာ သူကျူရှင်မှာ သူကိုကျောင်းသား များက ပြန်ပြောတာခံနေရတဲ့တာတွေ၊ ကျနော်တို့တသိုက် သူ့ကျူရှင်မတက်တာတွေ အဲဒါတွေပေါင်းပြီး ကျနော်တို့ကို စာမေးပါတယ်။ သိကြတဲ့အတိုင်းပါဘဲ။ စာကို စာမေးပွဲ နီးမှ ကြည့်ရကောင်းမှန်းသိတဲ့ကျနော်တို့တစ်သိုက် သူမေးတာကိုမဖြေနိုင်ပါ။ အဲဒါနဲ့ ကျနော်တို့ကို ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပါတယ်။ အဲဒီလောက်ကတော့ ကျနော်တို့က ဘယ်မူပါ့မလဲ။ တက်တာပေါ့။

အဲဒီအခါကျမှ တသက်လုံး ရင်ထဲမှာ ၀င်သွားစေတဲ့ဆူးကြီးတချောင်းကို သူရိုက်ထည့် လိုက်ပါတယ်။ “အတန်းထဲကမိန်းကလေးတွေ ကြည့်ထားကြ။ ဒီကောင်တွေကို ဘယ်တော့မှ ရည်းစာထားဖို့လဲစိတ်မကူးနဲ့။ ယူဖို့လဲစိတ်မကူးနဲ့။ ဖဲသမားမယားဖြစ်သွားမယ်။ ဘ၀ပျက် သွားမယ်။” ကျနော်တသက်မှာ အဲဒီတုန်းကလောက် စိတ်တို၊၀မ်းနည်း၊ သေးသိမ်တာ တခါမှမရှိခဲ့ပါဘူး။ အဲဒီနေ့ကစပြီး သူ့အချိန်ကို ဘယ်တော့မှ မတက်တော့ပါဘူး။ ရအောင်ပြေးပါတယ်။ ကျောင်းတက်တဲ့နေ့မှာတောင် သူ့အချိန်ပါရင် အခြားအခန်းမှာ သွားထိုင်နေတတ်တယ်။

အသက်၁၅နှစ်သာသာရှိတဲ့ကျောင်းသားလေးတွေ ဒေါသဂတိနဲ့ ပြောခဲ့တဲ့ ဆရာမ ကို အခု အသက်၃၀မှာ စိတ်မဆိုးတော့ပေမဲ့ ရင်ထဲကဆူးကတော့ ဘယ်တော့မှနုတ်လို့ရမှာ မဟုတ်တာတော့ အမှန်ပါ။ ဘယ်သူတွေမှားတယ် ဘယ်သူတွေမှန်တယ် ဆိုတာကို ဆရာလုပ်ပြတာမဟုတ်ပါ။ ငယ်ငယ်က တကယ်ကိုမမေ့နိုင်တဲ့အကြောင်းလေး ရင်ဖွင့်တာပါ။

ဝေဖန်ခံစားနိုင်ကြပါတယ်။

မှတ်ချက်။ ။ ကျနော်မိန်းမ ဘ၀မပျက်သေးပါ။ ဖဲသမားမယားလဲ မဖြစ်သေးပါ။